ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ စိစစ်ရေးနှင့် ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့် သတ်မှတ်ထားသည့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေမှုများကို နိုင်ငံတစ်ဝန်း အရှိန်အဟုန်မြှင့် စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ပတ်ဒါရာဆမ် သုန်းဆလွိုင်ကွန်းက ယနေ့ စက်တင်ဘာ ၄ ရက်တွင် သတိပေးလိုက်ပါတယ်။
အရေးပေါ်အမိန့် (B.E. 2560) အရ အောက်ပါ အလုပ်အကိုင်များတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့် လုံးဝ မရှိပါ –
-ထိုင်းရိုးရာ နှိပ်နယ်ခြင်း
-ဆံပင်ညှပ်ခြင်း / အလှပြင် ဝန်ဆောင်မှု လုပ်ငန်းများ
-မော်တော်ယာဉ် မောင်းနှင်ခြင်း
အလုပ်ရှင်များအတွက် ပထမအကြိမ် ဖောက်ဖျက်ပါက အလုပ်သမား တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်မည်။ ထပ်မံ ကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိ ကျခံရနိုင်သည့်အပြင် အလုပ်သမား တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဒဏ်ငွေကျခံရမည်ဖြစ်ပြီး ၃ နှစ်ကြာ အလုပ်သမား ငှားရမ်းခွင့် ပိတ်ပင်ခံရမည်။
အလုပ်သမားများအတွက်ပါမစ်မရှိဘဲ လုပ်ကိုင်သူ သို့မဟုတ် သီးသန့်အလုပ်များ လုပ်ကိုင်ပါက ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရမည်။ ဒဏ်ငွေပေးဆောင်ပြီးပါက ပြည်နှင်ဒဏ် (Deport) ပေးခံရမည်ဖြစ်ပြီး ၂ နှစ်ကြာ အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားခွင့် ပိတ်ပင်ခံရမည်။
၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးလုပ်ငန်း ၇၄,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ သီးသန့် အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၁,၇၀၀ ကျော်ကို တွေ့ရှိအရေးယူခဲ့ပြီး ဖြစ်သည်။
Source;Thaiger
